အခြေခံအချက်တွေသာ ထည့်ရေးပေးထားတာ ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်တွေကတော့ မိမိလုပ်ငန်းရဲ့ သဘောသဘာဝ အပေါ်မှာမူတည်ပြီး ထပ်မံဖြည့်စွက်ဖို့ လိုအပ်ပါတယ်။
စီမံရေးရာဌာနမန်နေဂျာ (Administrative Manager)
စီမံရေးရာဌာနမန်နေဂျာသည် အုပ်ချုပ်မှုဒါရိုက်တာ (MD)၊ အမှုဆောင်အရာရှိချုပ် (CEO) နှင့် စီမံခန့်ခွဲရေးအဖွဲ့တို့ လက်အောက်တွင် တာဝန်ထမ်းဆောင်ရပါမည်။
စီမံဌာနသို့ပေးအပ်ထားသော အရင်းအမြစ်များ(လူအင်အား၊Hardware၊ Software)အား ထိရောက်စွာ အသုံးချနိုင်ရန်အတွက် စီမံခန့်ခွဲပေးရပါမည်။
လုပ်ငန်းသည် နိုင်ငံတော်မှ အခါအားလျော်စွာထုတ်ပြန်ထားရှိသော ဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ညွန်ကြားချက်များ ဝန်ထမ်းများ လိုက်နာရှိစေရန်အတွက် အမြဲမပြတ်စောင့်ကြည့်၍ လိုအပ်သလို အစီရင်ခံစာများတင်သွင်းမှုများ ပြုလုပ်ရမည်ဖြစ်ပါသည်။
ကြော်ငြာသင်ပုံးအား လိုအပ်သလိုစီမံခန့်ခွဲရန် (ကြော်ငြာသစ်များကပ်၍ သက်တမ်း(၁)ပတ်ကျော်ရှိသော ကြော်ငြာစာများပြန်လည်သိမ်းစည်းရန်) တာဝန်ရှိပါသည်။ လုပ်ငန်းမှ အခါအားလျော်စွာထုတ်ပြန်သော ကြော်ငြာစာများ၊ ညွန်ကြားချက်များ၊ စည်းကမ်းချက်များ ကြော်ငြာသင်ပုံးမှတဆင့် အသိပေးရန်တာဝန်ရှိပါသည်။
စီမံဌာနရှိ ရုံးဝန်ထမ်းများ၊ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများ၊ တာဝန်ကျေပွန်မှုရှိ/မရှိ လိုက်လံစစ်ဆေးရမည်။
လုပ်ငန်းပိုင်ပစ္စည်းများအား ပျက်စီး၊လေလွင့်မှုမရှိစေရန်အတွက် လိုက်လံကြည့်ရှုစစ်ဆေးရမည်။
ဝန်ထမ်းများအားလုံး လုပ်ငန်းရှိဝန်ထမ်းစည်းကမ်းများအား လိုက်နာမှုရှိစေရန်အတွက် အမြဲမပြတ်စစ်ဆေးပေးရပါမည်။
ဝန်ထမ်းများ၏ ဝန်ထမ်းမှတ်ပုံတင်ထုတ်ပေးရန် လိုအပ်သလိုဆောင်ရွက်ရမည်။
စီမံဌာနမန်နေဂျာသည် လုပ်ငန်းလုံခြုံရေးအတွက် အပြည့်အဝတာဝန်ရှိပါသည်။
လုပ်ငန်းပိုင်ပစ္စည်းများ၊ စာရွက်စာတမ်းများ လုံခြုံရေးအတွက်လိုအပ်သော ဆောင်ရွက်မှုများပြုလုပ်ပေးရပါမည်။ထို့ကြောင့် လုံခြုံရေးအတွက် လိုအပ်သောဆောင်ရွက်ချက်များဖြစ်သည့် တံခါး၊ စားပွဲ၊ ဘီရိုများတွင် သော့များ စနစ်တကျတပ်ဆင်ပေးခြင်း၊ အခြားစစ်ဆေးမှုများဖြစ်သည့် မီးသတ်ဆေးဘူးများ သက်တမ်းကျန်ရှိမှုအားစစ်ဆေးခြင်း၊Fire Alarm မှ မီးသတ်ပိုက်နှင့် အဆိုပါစနစ်တစ်ခုလုံး ကောင်းစွာအလုပ်လုပ်ခြင်းရှိ/ မရှိစစ်ဆေးခြင်းများ လုပ်ဆောင်ရမည်။
အဆောင်နေဝန်ထမ်းများ၏ မီးကင်းအတွက်ဝန်ထမ်းများ အလှည့်ကျတာဝန်ချထားခြင်း စသည့် လိုအပ်သော စီမံခန့်ခွဲမှုများပြုလုပ်ရမည်။
ရုံးသုံးပစ္စည်းများ ထိန်းသိန်းထားရှိမှုနှင့် စာရင်းမှန်ကန်မှု ကိုစစ်ဆေးအတည်ပြုပေးရမည်ဖြစ်ပါသည်။
လုပ်ငန်းဖွံ့ဖြိုရေးအစီအစဉ်များတွင် အခြားဌာနမန်နေဂျာများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။
အုပ်ချုပ်မှုဒါရိုက်တာ၊အမှုဆောင်အရာရှိချုပ်နှင့် စီမံခန့်ခွဲရေးအဖွဲ့၏ အခါအားလျော်စွာတာဝန်ပေးမှုများကို ကျေပွန်စွာဆောင်ရွက်ရမည် ဖြစ်ပါသည်။
စီမံဌာနဝန်ထမ်းများ၏ ဆောင်ရွက်ချက်များကို အုပ်ချုပ်မှုဒါရိုက်တာ (MD)၊ အမှုဆောင်အရာရှိချုပ် (CEO) နှင့် စီမံခန့်ခွဲရေးအဖွဲ့ထံသို့ အပတ်စဉ်/ လစဉ်အစီရင်ခံစာများတင်သွင်းမည်။
လုပ်ငန်းမှပေးဆောင်ရန်ရှိသော အခွန်အခများပေးဆောင်မှုအား ကြီးကြပ်ပေးရပါမည်။
ဝန်ထမ်းများ လုပ်ငန်းတွင်း စွမ်းဆောင်ရည်တိုးတက်စေရေးအတွက် လိုအပ်ချက်များအား အကြံပြုရပါမည်။
ဝန်ထမ်းများ၏ လုပ်ငန်းခွင်အခက်အခဲများအား ပြေလည်အောင်ဖြေရှင်းပေးရပါမည်။
အဆောင်နေဝန်ထမ်းများ နေရေးထိုင်ရေး အဆင်ပြေချောမွေ့စွာ ဖြစ်စေရန်အတွက် စီမံခန့်ခွဲပေးရမည်။
သက်ဆိုင်ရာဌာနတာဝန်ရှိသူအဆင့်ဆင့်မှ လက်အောက်ရှိဝန်ထမ်းများ၏ စွမ်းချက်များအကဲဖြတ်ခြင်း ပြုလုပ်နေသည့်အပေါ် မျှတမှုရှိစေရန် ပြန်လည်သုံးသပ်ရမည်။
သက်ဆိုင်ရာဌာနများမှ Fixed Assetsဝယ်ယူခွင့်တောင်းခံလာသော Purchases Requisition Formများအား စီစစ်အတည်ပြုပေး၍ စီမံခန့်ခွဲရေးအဖွဲ့သို့တင်ပြ ခွင့်ပြုချက်တောင်းခံရမည်။ ခွင့်ပြုချက်ရရှိသော Purchases Requisition Formများအတွက် Supplierရွေးချယ်၍ ဈေးနှုန်းစုံစမ်းမှုများ ပြုလုပ်ရပါမည်။ စုံစမ်းရရှိသောဈေးနှုန်းများအား Price Enquiry များဖြင့် စီမံခန့်ခွဲရေးအဖွဲ့သို့တင်ပြ၍ ဝယ်ယူခွင့်တောင်းခံရမည်။ စီမံခန့်ခွဲရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လိုအပ်သော Fixed Assetsဝယ်ယူမှုများအား ကြီးကြပ်ရမည်။
စီမံဌာနမှ ပြုစုထားရှိသော Fixed Assets register မှန်ကန်မှုရှိ/ မရှိ စစ်ဆေးရမည်။
ဌာနတစ်ခုမှတစ်ခုသို့ လွဲပြောင်းရန် သက်ဆိုင်ရာဌာနမန်နေဂျာများမှ တောင်းခံလာသောFixed Assets Transfer Formများကို အတည်ပြုပေး၍ စီမံခန့်ခွဲရေးအဖွဲ့သို့ ဆက်လက်တင်ပြရပါမည်။
Fixed Assets တစ်ခုချင်းစီအတွက် လုပ်ငန်းမှချမှတ်ထားသော ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ဆောင်မှုများကို ထပ်မံစစ်ဆေးရမည်။
ပြင်ပဝန်ဆောင်မှုပေးသော လုပ်ငန်းများနှင့်ချုပ်ဆိုထားသော Maintenance contract နှင့်ပတ်သက်၍ အဆိုပါလုပ်ငန်းများမှ စာချုပ်ပါစည်းကမ်းများအတိုင်း လိုက်နာမှုရှိ/မရှိ စစ်ဆေးပေးရပါမည်။
လုပ်ငန်းသုံးမော်တော်ယာဉ်များ၏ လောင်စာဆီအတွက်ကုန်ကျစရိတ်မျာ၊း မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးစရိတ်များ၊ အခြားလုပ်ငန်းတွင်း အထွေထွေပြုပြင်ထိန်းသိမ်းစရိတ်များအား စီစစ်၍ အထွေထွေမန်နေဂျာမှတဆင့် အုပ်ချုပ်မှုဒါရိုက်တာ MD/ အမှုဆောင်အရာရှိချုပ်တို့ထံသို့ တင်ပြတောင်းခံရမည်။
လုပ်ငန်းတွင် ပြုလုပ်သော အစည်းအဝေးများအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက်စီမံခန့်ခွဲပေးရမည်။
အစည်းအဝေးမှတ်တမ်းရေးသားပြုစု၍ သက်ဆိုင်ရာဌာနများသို့ဖြန့်ဝေရပါမည်။
စီမံခန့်ခွဲရေးရုံးမှ အစည်းအဝေးအား တက်ရောက်ရမည်ဖြစ်ပါသည်။